Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

မန္တလေးကက်သလစ်သာသနာမှ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘာသာဝင်တို့

မန္တလေးမြို့

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်

စာအမှတ် - ၀၃၃/၂၁

 

မန္တလေးကက်သလစ်သာသနာမှ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘာသာဝင်တို့

 

၁) သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်တစ်ပါးအနေနှင့် မန္တလေးသာသနာတစ်ခုလုံးသို့ နိုဝင်ဘာလ (၂) ရက်နေ့ (ကွယ်လွန်သူများအတွက် ဆုတောင်းမေတ္တာပို့အပ်သောနေ့၊ ကုသိုလ်ပြုအပ်သောနေ့) အတွက် ကျွန်ုပ် ညွှန်ကြားအပ်ပါသည်။

     က) နိုဝင်ဘာလ (၂) ရက်နေ့ - ကွယ်လွန်သူများအဖို့ မစ္ဆား (၃) တရား ဟောရန်အတွက်နှင့် သုသာန်များကို ကောင်းချီးပေးခြင်း အစီအစဉ်ကို ကပ်ရောဂါအန္တရာယ်စိုးရိမ်ရသည်ဖြစ်သောကြောင့် မိမိတို့ဒေသအခြေအနေအလိုက် သာသနာ့အကျိုးတော်ဆောင် (ဂေါပကအဖွဲ့) နှင့် ညှိနှိုင်းတိုင်ပင်ပြီး အဆင်ပြေသလို ဆောင်ရွက်နိုင်ပါသည်။

     ခ) နိုဝင်ဘာလ (၂) ရက်နေ့ ည (၀၇း၀၀) နာရီတိတိတွင် ဘုရားရှိခိုးကျောင်းမှ (၁၅) မိနစ်လျှင် တစ်ကြိမ် ခေါင်းလောင်းထိုးပေးပါ။ ခေါင်းလောင်းထိုးသံကြားကြရသည်နှင့် ဘာသာဝင်မိသားစုအသီးသီးသည် မိမိတို့အိမ်များတွင်စုကာ (ကလေးများအပါအဝင်) စိတ်ပုတီး (၁၀) - ခမည်းတော်၊ သားတော်၊ ကောင်းကင်ဘုံ၌ တစ်ခေါက်၊ ဂုဏ်ကျေးဇူးတော် (၁၀) ခေါက်၊ ကွယ်လွန်သူများအဖို့ ပို့အပ်သောဆုတောင်းပဌာနာ (၁) ခေါက်ဆိုပြီး အဆုံးသတ်ကြပါ။

     ဂ) ပုတီးတစ်ဆယ်ပြီးလျှင် ခေတ္တရပ်နားကာ မိဘများက ကြိုတင်ပြင်ဆင်ထားသော စားစရာ၊ ရေနွေးကြမ်း စသည်တို့ကို စားသောက်ရင်း အနားယူနိုင်ပါသည်။ (ကလေးကြိုက် မုန့်ပဲသရေစာ စီစဉ်နိုင်ပါသည်။ ကလေးများ စိတ်ပါဝင်စားစေရန်ဖြစ်ပါသည်။)

     ဃ) နောက်ထပ် ခေါင်းလောင်းသံကြားပါလျှင် စားသောက်ရာများရပ်ပြီး အထက်ကအတိုင်း နောက်ထပ်ပုတီးတစ်ဆယ်စိပ်ပါ။

     ထိုနည်းအတိုင်း ပုတီး (၅၀) ပြည့်သည်အထိဆိုကြပြီး ကွယ်လွန်သွားကြကုန်သော မိမိတို့၏ ဘိုးဘွားမိဘများ၊ ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းများ၊ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ကျေးဇူးရှင်များအတွက် ထိုကဲ့သို့ ဆုတောင်းမေတ္တာ ပို့သကြပါ။

     င) အထက်ပါညွှန်ကြားချက်များကို မိသားစုတိုင်းက သိရှိနားလည်ကာ ဆောင်ရွက်နိုင်ရန် ကျောင်းထိုင်ဘုန်းတော်ကြီးများက ဘာသာဝင်မိသားစုများကို တစ်နည်းနည်းဖြင့် အသိပေးကြပါရန် အထူးမှာကြားအပ်ပါသည်။

 

၂။ မန္တလေးကက်သလစ်သာသနာအတွင်းရှိ ဘုရားရှိခိုးကျောင်းများတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ လူပရိသတ်နှင့်ပူဇော်သော မစ္ဆားတရားအပါအဝင် လူပရိသတ်ပါဝင်သော တခြားမည်သည့်ဝတ်ပြုကိုးကွယ်ခြင်းကိုမှ မပြုလုပ်ရန် ညွှန်ကြားထားခဲ့ပါသည်။

     ယခုအချိန်အခါတွင် ပြောင်းလဲနေသော အခြေအနေအမျိုးအမျိုးအပေါ်မူတည်၍ မိမိတို့ အရပ်ဒေသအခြေအနေများကို သုံးသပ်ကာ သာသနာ့အကျိုးတော်ဆောင်များနှင့် တိုင်ပင်ကြ၍ တစ်ကြိမ်လျှင် လူငါးဆယ်ဦးထက်မပိုသော မစ္ဆားတရားများကို ကျင်းပနိုင်ကြပါသည်။ ကိုဗစ်ရောဂါ ကူးစက်မှုမဖြစ်စေရန် စီစဉ်ကြစေလိုပါသည်။

 

၃။ မန္တလေးကက်သလစ်သာသနာတော်၏ Diocesan Tribunal ကို

     1) Rev. Fr. John Paul Nay Win Mg

     2) Rev. Fr. Dominic Soe Zaw Zaw

     3) Rev. Fr. Alphonse Aung Ko Latt တို့ဖြင့် တည်ထောင်ပြီးကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ဘုရားရှင်သည် သင်တို့အားလုံးကို ကောင်းချီးပေးတော်မူ၍ စောင့်ရှောက်ပါစေသော်။

 

           အမှုတော်မြတ်၌ -

 

ဆရာတော် ဒေါက်တာ မာကု တင်ဝင်း

သာသနာပိုင်ဆရာတော်

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ



2021-10-12 05:17:12
NEWS AND EVENTS