Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

မန္တလေးကက်သလစ်သာသနာအတွင်းမှ ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များ သိရှိလိုက်နာကြရန်ညွှန်ကြားချက်

မန္တလေး

၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်

စာအမှတ် - ၀၂၇/၂၁

 

မန္တလေးကက်သလစ်သာသနာအတွင်းမှ ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များ သိရှိလိုက်နာကြရန်

(၃၀၊၆၊၂၀၂၁) ရက်စွဲဖြင့် ပြုလုပ်သော မြို့ပေါ်မှ ဘုန်းတော်ကြီးများ အစည်းအဝေးနှင့်အညီ ညွှန်ကြားချက်

 

၁။ မန္တလေးကက်သလစ်သာသနာအတွင်းရှိ ဘုရားရှိခိုးကျောင်းများတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ လူပရိသတ်နှင့် ပူဇော်သော မစ္ဆားပူဇော်ခြင်း အပါအဝင် လူပရိသတ်ပါဝင်သော အခြားမည်သည့် ဝတ်ပြုကိုးကွယ်ခြင်းကိုမှ မပြုလုပ်ရန်။

 

၂။ ယခင်က မိမိတို့ ဘုရားကျောင်းတွင် ပြုလုပ်မြဲဖြစ်သော နေ့စဉ် + တနင်္ဂနွေ မစ္ဆားပူဇော်ချိန်များတွင် ဘုန်းကြီးတစ်ပါးတည်း (ဆန္ဒရှိပါက ကျောင်းထိုင်နယ်ရှိ ကက်သလစ်သီလရှင်များပါဝင်၍) ဝတ်ပြုပူဇော်ရန်နှင့် ထိုအချိန်များတွင် မိမိတို့အိမ်မှ စိတ်ဖြင့် ပါဝင်နိုင်ကြစေဖို့ အသိပေးထားကြပါရန်။

 

၃။ မလွဲမရှောင်သာသော ကိစ္စရပ်ဖြစ်သည့် ဈာပနကိစ္စများကို ဘုရားရှိခိုးကျောင်းအတွင်းသို့ မသွင်းဘဲ မဖြစ်မနေပါဝင်ရသော မိသားစုအနည်းငယ်နှင့်သာ နာရေးအိမ်၌ ဝတ်ပြုဆုတောင်းလျက် သုသာန်သို့ သယ်ဆောင်သင်္ဂြိုလ်ကြရန်။ (Coronavirus Disease: Covid-19 သံသယမရှိသော ဈာပနများကိုသာ ရည်ညွှန်းသည်။)

 

၄။ ဘုန်းတော်ကြီးများအနေဖြင့် သက်ကြီးရွယ်အိုများနှင့် Coronavirus Disease: Covid-19 သံသယမရှိသော လူနာများကို စက္ကရမင်တူးများ ခံယူနိုင်ကြစေဖို့ ဆောင်ရွက်ပေးကြရန်။

 

၅။ ဘုန်းတော်ကြီးများ၏ မစ္ဆားပူဇော်ခြင်းများကို Mdy-OSC & RVA Myanmar Service တို့၏ အကူအညီနှင့်သော်လည်းကောင်း၊ မိမိတို့အစီအစဉ်ဖြင့် တိုက်ရိုက် Live ထုတ်လွှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြပါရန်။

 

၆။ ရောဂါကူးစက်ပြန့်ပွားခြင်းမဖြစ်စေရန် အထက်ပါအတိုင်း ညွှန်ကြားရသဖြင့် မန္တလေးသာသနာအတွင်းရှိ ဘုန်းတော်ကြီးများအနေဖြင့် တစ်ပါးနှင့်တစ်ပါးထံ လည်ပတ်ခြင်း၊ စုရုံးခြင်းမပြုကြဘဲ မိမိတို့ဘာသာဝင်များနှင့်အတူရှိနိုင်ရန် မိမိကျောင်း၌သာ နေထိုင်ကြလျက် မြန်မာပြည်ကြီး၌ လက်ရှိဖြစ်ပေါ်နေသော အခြေအနေဆိုးများမှ အမြန်ပြီးဆုံးနိုင်ရန် ဆုတောင်းခြင်း၊ ကိုယ်တော်မြတ်ဖူးခြင်း၊ စိတ်ပုတီးစိတ်ခြင်း၊ စာဖတ်ခြင်း စသည်ဖြင့် အချိန်ကို တန်ဖိုးရှိရှိ အသုံးချကြပါရန်။

 

၇။ အကယ်၍ ဘုန်းတော်ကြီးတစ်ပါးပါးသည် ဤကူးစက်မြန်ရောဂါ ကူးစက်ခံရပါက ဆရာတော် (သို့) Vicar General (သို့) Fr. Paul Thet Khaing (Director of Pastoral Sector: Diocesan Curia) ထံ အမြန်ဆုံးအကြောင်းကြားရန်။

 

ပြောင်းလဲနေသော အခြေအနေအမျိုးမျိုးအပေါ်မူတည်၍ -

ဒေသခံလူကြီးများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာတော်ကြီးများ၏ လမ်းညွှန်ချက်များနှင့်အညီ ကျွန်ုပ်ထပ်မံ၍ သီးခြားညွှန်ကြားချက် ထုတ်ပြန်ချိန်အထိ ဤလမ်းညွှန်ချက်သည် မန္တလေးကက်သလစ်သာသနာအတွက် အတည်ဖြစ်သည်။

 

+ ဘုရားရှင်သည် သင်တို့အားလုံးကို ကောင်းချီးပေး၍ ကာကွယ်တော်မူပါစေ။

+ ဘုရားရှင်၏မယ်တော်သည် သင်တို့ကို စောင့်ရှောက်ပါစေဟု ဆုတောင်းပေးနေလျက်

 

အမှုတော်မြတ်၌

 

ဆရာတော် မာကု တင်ဝင်း

သာသနာပိုင်ဆရာတော်

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ



2021-06-30 05:30:37
NEWS AND EVENTS