Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

Pastoral Letter of the Archbishop of Mandalay

လေးစားအပ်ပါသော ညီတော် နောင်တော် ဘုန်းတော်ကြီးများ -

မင်္ဂလာပါ။

အားလုံးကျန်းမာကြမယ်လို့ မျှော်လင့်ဆုတောင်းပါတယ်။

 

ကိုယ်တော်တို့အားလုံးသည် မန္တလေးကက်သလစ်သာသနာတော်ကြီးကို ချစ်ကြကြောင်း၊ ကက်သလစ် သာသနာတော်ကြီးနှင့် ဘာသာဝင်များကို အလုပ်အကျွေးပြုနေကြကြောင်း၊ ယခုကဲ့သို့ ခက်ခဲရှုပ်ထွေး နေသောအချိန်များ၌ မိမိတို့အနေနဲ့ စိတ်အား ဉာဏ်အား ကိုယ်စွမ်းအားရှိသမျှ အချိန်နှင့် အမျှ ဆက်ကပ်နေ ကြသည့်အတွက်ကြောင့် အားလုံးကို တပည့်တော် ဂုဏ်ယူရင်း ကျေးဇူးတင်ပါတယ်။

 

တပည့်တော်အနေနှင့် ယခုလိုအချိန်မှာ သိုးထိန်းတစ်ပါး၏၀တ္တရားနှင့် မန္တလေးကက်သလစ်သာသနာပိုင် တစ်ပါးအနေနှင့် အောက်ပါအချက်များကို ရေးသား​ညွှန်ကြားလိုက်ပါတယ်။

 

၁။ ကျွန်ုပ်တို့ အမိပြည်ထောင်စုအတွင်း၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီး လုံး၀ချုပ်ငြိမ်းမှုကို မည်သူကမှ အာမ မခံနိုင်သေးခြင်းနှင့်  နိုင်ငံရေးမငြိမ်မသက် ရှုတ်ထွေးနေခြင်းကြောင့် ဘုရားရှင်ထံတော်မြတ်ထံသို့ ပိုမို ချဉ်းကပ်ကြရန် ဆုတောင်းကြရန် ရည်စူးလျက် အောက်ပါအချက်များကို လိုက်နာလုပ်ဆောင်ကြစေလိုပါ သည်။

(က) နေ့စဉ် နံနက် ၈း၀၀ - ၉း၀၀ နာရီ (သို့) ညနေ ၅း၀၀ - ၆း၀၀ နာရီအတွင်း ကိုယ်တော်မြတ်ကို ရောင်ခြည်တော်ဖြင့် ထုတ်၍ ဘာသာဝင်များ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ အဆင်ပြေသလို တစ်နာရီကြာ ဝတ်ပြုကိုးကွယ်ကြရန် တိုက်တွန်းပေးပါရန်။

(ခ) ဘာသာဝင်လူကြီးများနှင့် လူငယ်များ၏ စိတ်ပျက်အားငယ်မှု၊ ထိတ်လန့်ကြောက်ရွံ့မှုနှင့် မျှော်လင့် ချက်မဲ့နေမှုများကို ကုစားပေးနိုင်ရန် ရည်စူး၍ သမ္မာကျမ်းစာတော်လာ ဘုရားအဆုံးအမများနှင့် ကတိ တော်များကို စနစ်တကျ ဟောပြောကြရန်နှင့် သင်ကြားပေးကြရန်။

(ဂ) ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့်အတူ ဘာသာဝင်အိမ်များသို့ သွားရောက်လည်ပတ် အားပေး ကြရန်။

(ဃ) စာရိတ္တကောင်းများ ထွန်းကားစေရန် ဘာသာဝင်တို့ကို သင်ကြားထိန်းကြောင်းပေးရန်၊ သွန်သင် ပေးရန်၊ ဟန့်တားပေးရန်။

(င) ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ယခင်က ထုတ်ပြန်ပေးထားသည့် လမ်းညွှန်ချက်များကို ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ မပျက်မကွက် ဆက်လက်လိုက်နာကြဖို့ မပြတ်သတိပေးကြရန်။

(စ) ၂၀၁၉ ခုနှစ်မှ ယနေ့ထိတိုင် ကျောင်းများ နှစ်ချီပိတ်ထားသဖြင့် ကျောင်းသားကျောင်းသူများသည် စိတ်လေနေကြကာ အာရုံစိုက်နိုင်မှုများ ထိခိုက်၍ စာသင်ကြားလိုစိတ် လျော့နဲလာနေကြပါသော ကြောင့် ဘုန်းတော်ကြီးများအနေဖြင့် ဘုရားစာသင်တန်း၊ ယဉ်ကျေးမှုသင်တန်း၊ ကျမ်းစာသင်တန်းများ (Sunday School (or) Summer School) ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ကာ ထိန်းကြောင်းပေးကြရန်။

 

၂။ မန္တလေးကက်သလစ်သာသနာတစ်ခုလုံးမှ ဘုန်းတော်ကြီးများအနေနှင့်လည်း မိမိတို့၏ ဝိနည်းများနှင့် ၀တ္တရားများကို မပျက်မကွက် ဖြည့်ဆီးကြပါ။ နေ့စဉ်မပျက် ရွတ်ဆိုရသော ပရိတ်မေတ္တာများကို မှန်အောင် ရွတ်ဆိုကြပါ။ ဘာသာဝင်များ၏ ဘုရားတရားရေးမှာ တတ်အားသမျှ ဆောင်ရွက်ကြပါ။ သက်ကြီးရွယ်အို များနှင့် နာမကျန်းဖြစ်နေသူများကို ကိုယ်တော်မြတ်ပေးခြင်းနှင့် စက္ကရမင်တူးများ ပေးကြပါ။ နေ့စဉ် (၁) နာရီ ကိုယ်တော်မြတ်ဖူးမြှော်ဖို့၊ နေ့စဉ် (၁) နာရီ စာဖတ်ဖို့၊ နေ့စဉ် (၁) နာရီကြာ မိမိအတွက်သော်လည်းကောင်း၊ အများအတွက်သော်လည်းကောင်း အကျိုးပြုစေမဲ့ အလုပ်တစ်မျိုးမျိုး (ဥပမာ - ဥယျာဉ်လုပ်တာ၊ သစ်ပင် စိုက်တာ၊ ဘာသာပြန်တာ၊ စာရေးတာ၊ အမှိုက်ကောက်တာ၊ ဘုရားကျောင်း အတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်တာ စသည်ဖြင့်) လုပ်ဆောင်ကြဖို့ ဆရာတော်အနေနဲ့ ခုတစ်ခါထပ်ပြီး တိုက်တွန်းမှာကြားလိုက်ရ ပါတယ်။ တစ်နေ့ တစ်နေ့ရဲ့အချိန်တွေက ကုန်လွန်လွန်းလှသလို တန်ဖိုးအလွန်ကြီးလှပါတယ်။ အဲသည်အချိန် တွေကို မဖြုန်းမိကြဖို့ ဂရုစိုက်ကြပါ။ (Ref: Archbishop's Pastoral Letter, 29 SEP 2019)

ဘုရားသခင် သင်တို့ကို ကောင်းချီးပေးပါစေ။

ခရစ်တော်ဘုရားရှင်၌

 

                                                                                  ဆရာတော် မာကု တင်ဝင်း

                                                                                 မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်



2021-06-30 04:20:10
NEWS AND EVENTS