Untitled Document
CATHOLIC ARCHDIOCESE OF MANDALAY
Totus Tuus
Untitled Document
Untitled Document

(၂၅) ကြိမ်မြောက် ကမ္ဘာ့သူတော်စင်များနေ့အတွက် ဆရာတော် မာကုတင်ဝင်း၏ သဝဏ်လွှာ

25th WORLD DAY FOR CONSECRATED LIFE
(၂၅) ကြိမ်မြောက် ကမ္ဘာ့သူတော်စင်များနေ့ (ဖေဖော်ဝါရီလ ၂၊ ၂ဝ၂၁)
(သူငယ်တော်ယေဇူးဘုရားရှင်အား ဗိမာန်တော်တွင် ဆက်ကပ်ပူဇော်ခြင်း ပွဲတော်နေ့)


မန္တလေး၊ ဇန်နဝါရီ (၂၇)၊ ၂ဝ၂၁ ခုနှစ်

 

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာတော်တွင် သူတော်စင်ဂိုဏ်းအသီးသီးမှ  ဆက်ကပ်လျက်ရှိသော သူတော်စင်အပေါင်းတို့ . . .
   

     ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့၊  ၂၅ ကြိမ်မြောက် သူတော်စင်များနေ့မှာ  သင်တို့အပေါ်  ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ တထူးတခြား သက်ရောက်စေကြောင်း  ရှေးဦးစွာ  ဆန္ဒပြု ဆုတောင်းလိုက်ပါသည်။
     ဤ'သူတော်စင်များနေ့'ကို  ရဟန္တာအရှင်သူမြတ်  ဂျွန်ပေါလ်သည်  ၁၉၉၇ ခုမှစတင်၍  နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ သူငယ်တော်ယေဇူးအား ဆက်ကပ်ပူဇော်ခြင်းပွဲနေ့ကို၊  ကတိသစ္စာသုံးပါးဖြင့် ဘုရားရှင်အား မိမိတို့၏ဘဝကို ဆက်ကပ်ထားသော 'သူတော်စင်များနေ့' ဟူ၍လည်း သတ်မှတ်ကျင်းပပေးခဲ့ရာ  ဤ (၂ဝ၂၁)ခုနှစ်တွင်  ငွေရတုသဘင်ကိုပင်  အားရဝမ်းသာစွာဖြင့် ကက်သလစ်သာသနာတော်ကြီးတစ်ခုလုံးနှင့်အတူ  ကျင်းပရခြင်းဖြစ်သည်။
    သူတော်စင်ဘောင် (Religious Life) ဟူသည် ကက်သလစ်သာသနာတော်ကြီး 'အတွင်း' တည်ရှိနေသောအရာဖြစ်ပြီး၊ သာသနာတော်ကြီး 'အတွက်' တည်ရှိနေသောအရာ ဖြစ်ကြောင်းကိုလည်း Vita Consecrata No.2, 29-34 (1996) တွင်ဖော်ပြ ထားပေသည်။  မန္တလေးဂိုဏ်းချုပ်သာသနာတွင်လည်း  သူတော်စင်အသင်းဂိုဏ်းပေါင်း (၁၂) ခုနှင့်  သူတော်စင်ပေါင်း ( ၂၄၁ ) ပါး သောအင်အားဖြင့် အမှုတော်မြတ်၌ ဆက်ကပ်ကြသည်မှာလည်း အားရဖွယ်ဖြစ်ပေသည်။ 'မန္တလေးဂိုဏ်းချုပ်သာသနာ သူတော်စင်များ အဖွဲ့' (Conference of Religious, Mandalay - CRMdy) ကိုလည်း  (ပျံလွန်တော်မူပြီးဖြစ်သော) ဆရာတော်ကြီး Paul Grawng မှ  ၂ဝဝ၅ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး၊ မန္တလေးသာသနာတော်ကြီးရှိ ကက်သလစ်ဘာသာဝင်တို့၏ ယုံကြည်ခြင်း ကို ဖေးမပေးထားပြီး၊ ရဟန်းတော်များနှင့် စနစ်တကျလက်တွဲကာ သာသနာတော်ကြီး၏အသက်တာ (Life) နှင့် သာသနာလုပ်ငန်း (Mission) တို့ကို ဆောင်ရွက်ပေးရန်ရည်ရွယ်၍ လမ်းညွှန်ခဲ့ပေသည်။  ယခုအခါ ၂ဝ၂၁-၂ဝ၂၅ ခုနှစ်အထိ  ငါးနှစ်တာစီမံကိန်း Pastoral Plan ကိုလည်း  မန္တလေးဂိုဏ်းချုပ်သာသနာကြီးတစ်ခုလုံးအတွက်  ရေးဆွဲထားပြီးဖြစ်သည်။ CRMdy အနေနှင့်လည်း သီးခြားရေးဆွဲထားပြီးဖြစ်သည်။
     ဤငွေရတုသဘင်ကို ကျင်းပရင်း၊  CRMdy အနေနှင့် ပုပ်ရဟန်းမင်းကြီးမှ ထုတ်ပြန်ထားသော 'Frattelli Tutti' စာချွန်လွှာ (၂ဝ၂ဝ) နှင့် ပုပ်ရဟန်းမင်းကြီး၏မိန့်မှာစာ 'Wake up the World' (၂ဝ၁၄) တို့ကို ပြန်လည်သုံးသပ်၍ အားယူစေလိုပါသည်။ ကိုဗစ်-၁၉ ကပ်ကာလကို ခက်ခဲစွာဖြတ်သန်းကြရင်း၊ မိမိတို့၏ခေါ်တော်မူခြင်းကို ဆက်လက်ဖြည့်စွက်သွားနိုင်ရန် 'မျှော်လင့်ချက်' တစ်ခုကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ကြရန်လည်း  မှာကြားလိုပါသည်။
     သူတော်စင်ဂိုဏ်းအသီးသီးမှနေ၍ မန္တလေးသာသနာအတွက် သင်တို့၏ (Witness) သက်သေခံခြင်း၊ (Service) ဆက်ကပ် ဆောင်ရွက်နေကြသော သာသနာလုပ်ငန်းများအားလုံးအတွက်  ကျေးဇူးများစွာတင်ရှိကြောင်းပြောကြားလိုပါသည်။ 
    ဘုရားရှင်သည် သင်တို့ကို  ကောင်းချီးပေးတော်မူပါစေ။
    ကျေးဇူးတင်ခြင်းများစွာဖြင့်

                            ဆရာတော် ဒေါက်တာ မာကုတင်ဝင်း
                            မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်



2021-01-28 03:16:53
NEWS AND EVENTS